ရွှေတိဂုံစေတီတော်
ရွှေတိဂုံ စေတီတော်မှာ ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ "လေးဆူဓာတ်ပုံ ရွှေတိဂုံ"ဟုလည်း ခေါ်တွင်သည်။ "စေတီအစ ရွှေတိဂုံက" ဟုဆိုကြသည်။
အမည်ခေါ်တွင်ပုံ
ရန်ကုန်တိုင်းဟု မပေါ်လွင်ခင်က ဥက္ကလာပမင်းကြီး စိုးစံရာ ဥက္ကလာပတိုင်း၊ ဥက္ကလာပမြို့ကြီးဟု သိမှတ်ခဲ့ကြသည်။ နောင်သောအခါ ဘလိခနဲ့ တဖုဿ ကုန်သည်ညီနောင်တို့က မြတ်စွာဘုရား ဆံတော်များ သယ်ဆောင်လာခဲ့ပီး သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် စေတီတည်ထားခဲ့ကြပီး ထိုစေတီတော်ထဲတွင် ဂေါတမမြတ်စွာဘုရား၏ ဆံတော် ရှစ်ဆူနှင့်တကွ ရှေးရှေးသော ဘုရား ၃ ဆူတို့၏ အမွေအနှစ်များ ထည့်သွင်းထားခြင်းကြောင့် တိဂုံပစေတီဟု အမည်တွင်ခဲ့လေတော့သည်။ ထိုတိဂုံပမှသည် ဒဂုံအဖြစ်သို့ ရောက်ရှိခဲ့ပီး မူလမြို့အမည်ကွယ်ကာ ဒဂုံတိုင်း သမုတ်ခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ထိုအချိန်မှစ၍ တိဂုံပဆံတော်ရှင်စေတီတော်သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
သမိုင်းကြောင်း
ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့် စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။ [၁]မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။ သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ "ရာပဒတန်သတ္တဟ" ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။ ဗုဒ္ဓဝင် သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿနှင့် ဘလ္လိကကုန်သည် ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။
ကုန်သည်ညီနောင်
ဘီစီ (၅၈၈)၌ ယနေ့မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်မြို့အနီးတဝိုက်တွင် တည်ရှိခဲ့သော ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တဖုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀ဝ)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့ဩသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုက္ခစိုးနတ်က "အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့" ဟုပြောသည်။ ကုန်သည်ညီနောင်က "အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း"ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က"နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့"ဟုဆိုလျှင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ချင်းပင် "ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်" ဟုပြော၏။ ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဓါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့် "ဒွေဝါစိက" သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က ဘုရားရတနာ၊ တရားရတနာ တည်းဟူသည့် ရတနာနှစ်ပါးသည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။
ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင် "အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား" ဟုလျှောက်ထား လေ၏။ "ကောင်းပြီးချစ်သားတို့" မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမြော် ကြည်ညိုကြ၏။
နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၄)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား သိင်္ဂုတ္တရကုန်းတော် ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိင်္ဂုတ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၄)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် နောင်တော်ကြီးစေတီဟု အမည်တွင်၏။
ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိင်္ဂုတ္တရကုန်းတော် အလယ်တည့်တည့်၌ ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
ဆူးလေနတ်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဏာဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၄)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။
သာသနာအစရွှေတိဂုံက
ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား "တိဂုမ္ဗစေတီတော်"ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို တိဂုမ္ဗစေတီတော်သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ "သာသနာအစ ရွှေတိဂုံက"ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။
ထူးခြားဖြစ်စဉ်
ခရစ်နှစ် ၁၉၀၃-ခုနှစ်၊ မတ်လ(၂)ရက် (၁၂၆၄ ခု၊ တပေါင်းလဆန်း ၅ ရက်) တနင်္လာနေ့တွင် ရွှေတိဂုံ စေတီတော် အင်္ဂါထောင့်သို့ ကျားတစ်ကောင် တက်ရောက်လာသဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ်သတ်ခဲ့ကြသည်။
ကျားသည်ခေါင်းလောင်းပုံ အနားလန်အစွန်းတွင် တက်၍ ဝပ်နေသည်ကို ဘုရားဖူးများသည် တွေ့ကာအုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့သည်။ ဘုရားလူကြီး တစ်ဦးဖြစ်သည့် ဦးရွှေဝိုင်းသည် ရန်ကုန်အရေးပိုင်၏ စာဖြင့် ထိုနေ့ နံနက် ၈ နာရီတွင် ဗိုလ်မှူးကြီး အီးလောဖို့ဒ် ကို သွားခေါ်ခဲ့သည်။ ဗိုလ်မှူးကြီးကို အပြင်မှပြန်အလာ လမ်းတွင် တွေ့ခဲ့သည်။ နီးရာအိမ်များမှ သေနတ်ရှာခဲ့သည်။ နှစ်လုံးပူးသေနတ်တစ်လက်ကို ကပ္ပတိန်ဂျင်းနင်း၏အိမ်မှ ရခဲ့သည်။ အီလောဖို့ဒ်နှင့်အတူ ကပ္ပတိန် ဘီဗီးလ်၊ ကပ္ပတိန်ဂျင်းနင်း တို့လည်း အတူလိုက်ပါလာကြသည်။
ကျားမှာတစ်ကောင်လုံးကို မမြင်ရဘဲ ကျောကုန်း၊ နောက်ခြေထာက်နှင့် အမြီးတို့သာ မြင်ရသည်။ ဗိုလ်မှူးကြီးလောဖို့ဒ်သည် ဂျင်းနင်းအား တန်ဆောင်ပေါ်သို့ တက်၍ နေရာယူခိုင်းခဲ့သည်။ ကပ္ပတိန် ဘီးဗီးလ်အား လီဗာပူဘုရင့်တပ်ရင်းမှ ရိုင်ဖယ်သေနတ်ကိုင် စစ်သားဆယ်ဦးကို ခေါ်ခိုင်းခဲ့သည်။ စစ်သား ၁၄ ဦးမျှ ရောက်လာကြသည်။ စစ်သားများကို နှစ်စုခွဲလိုက်သည်။ ထို့နောက် ကပ္ပတိန်ဂျင်းနင်းရှိသော တန်ဆောင်း၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူခိုင်းသည်။ ထို့နောက်ကျားကို ဗိုလ်မှူးကြီးက အမိန့်ပေးသောအခါ ပစ်သတ်စေခဲ့သည်။ ကပ္ပတိန်ဂျင်းနင်းပစ်လိုက်သော ကျည်ဆန်တို့သည် ရင်အုပ်၊ ဘယ်နှင့်ညာ ပခုံးတို့တွင် ထိမှန်ခဲ့သည်။ ဆက်လက်ပစ်ခတ်ရာ ကျားသည် ထိုနေရတွင်ပင် ငြိမ်ကျသွားသည်။ သို့တိုင် ကျားသည် မသေသေးဘဲ ညည်းသံပြုနေသေးသည်း။ ဂျင်းနင်းသည် ကျားဆီသို့ ငြမ်းတွင်ချည်ထားသော ဝါးလှေကားဖြင့် တက်သွား၏။ ထို့နောက် ကျား၏ ရင်အုပ်တည့်တည့်ကို တစ်ချက်ပစ်လေသည်။ ထိုအခါမှ ကျားသည်သေလေသည်။
ကျားသည် ငယ်ရွယ်သောကျားမ ဖြစ်သည်။ ကိုယ်မှာ ရှစ်ပေတိတိဖြစ်သည်။ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ငါးချက်ထိမှန်ခဲ့သည်။ ဂျင်းနင်းပစ်ခတ်ခဲ့သော ကျည်ဆန်လေးချက်မှာ ရင်အုပ်၊ ကျောရှေ့၊ ကျောနောက်နှင့် နှလုံးတည့်တည့်ကို ထိမှန်ခဲ့သည်။ ဂေါ်ရာစစ်သားတို့ ပစ်၍ထိသော ဒဏ်ရာမှာ တစ်ချက်သာ ရှိသည်။ နောက်ခြေထောက်အနားမှ ဖြတ်ကာ အမြီးကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ အမြီးသည် ပြတ်ပြီး အုတ်စွန်းတွင် တွဲလောင်းကျနေသည်။
ထိုကျားသည် ဘုရားပေါ်မတက်ခင်က ပုဇွန်တောင် အမဲသတ်ရုံအနီးတွင် ရှိသော တရုပ်လူမျိုးတို့၏ ဟင်းခင်းထဲသို့ ရောက်ခဲ့သည့် ခြေရာများ တွေ့ခဲ့သည်။ ထို့ပြင် ကုတ်ကိုင်းရေကူးဖက်ရှိ ခြံတစ်ခြံထဲတွင် နွားမတစ်ကောင်ကို ကိုသတ်ကာ စားသွား၏။
ထိုအချိန်ကာလ ဘုရားပေါ်သို့ ကျားတက်သည့် ဖြစ်ရပ်မှာ လူတို့ပါးစပ်ဖျားတွင် အပြောများသော ကိစ္စဖြစ်ခဲ့သည်။ ကျေးလက်တောရွာများအထိ သတင်းမှာ ပျံ့နှံ့သွားသဖြင့် အရပ်ရပ်မှ ဘုရားဖူးများ ရောက်လာကြလေသည်။ ထိုအဖြစ်ကို ထားဝယ်ဒိန်းသီချင်းများ ဖွဲ့ဆိုကြသည်။ အငြိမ့်၊ ဇာတ်များတွင် စည်းလွတ်၊ ကာရန်လွတ်သီချင်းများ ဖွဲ့ဆိုကြသည်။ စည်းလွတ်သီချင်းမှာ "ရွှေတိဂုံဘုရားမှာ ကျားတက်တာ၊ ငါးရက်ကြာ။ အို ... ရွှေတိဂုံ ဘုရားမှာလ၊ ကျားတက်တာ ငါးရက်ကယ်ကြာဗျ၊ ဂေါ်ရာတွေဝိုင်း၊ သေနတ်နဲ့ပစ်၊ ကျားစင်းစင်းသေ" ဟူ၍ ဖြစ်၏။ ရွှေတောင်ဆရာလွမ်း၏ ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ပြဇာတ် မှာ လူကြိုက်များကာ ရောင်းမလောက်ခဲ့ပေ။ အရပ်ထဲတွင်လည်း ဘုရားပေါ်ကျားတက်သည်ကို မှော်ဘီနတ်ကြီး ဘုရားဖူးလာသည်ဟုလည်း ပြောဆိုကြလေသည်။
ခေါင်းလောင်းများ
ရွှေတိဂုံ စေတီတော်၊ ရင်ပြင်၌ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး - ခရစ်နှစ် ၁၄၇၇ (ကောဇာသက္ကရာဇ် (၈၃၈)) ခုနှစ်တွင် မွန်ဘုရင် ဓမ္မစေတီမင်းကြီးသည် အဝိန္ဒဆောက်အမည်ရ ဓမ္မစေတီ ခေါင်းလောင်းကြီး ကြေးပိဿာချိန်(၁၈၀၀၀၀)ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး တင်လှူတော်မူသည်။
စဉ့်ကူးမင်း ခေါင်းလောင်းတော် - ခရစ်နှစ် ၁၇၇၈-ခုနှစ်၌ ဆင်ဖြူရှင်မင်း သွန်းလုပ်ခဲ့၏။ သွန်းလုပ်ဆဲ ၁၀၃၈-ခုနှစ်တွင် ဆင်ဖြူရှင် နတ်ရွာစံခဲ့သည်။ သားတော် စဉ့်ကူးမင်းက ဆက်လက်သွန်းလုပ်စေသည်။ အလေးချိန်မှာ ၁၅၅၅၅ ပိဿာရှိသည်။
သာယာဝတီမင်း ခေါင်းလောင်းတော် - ခရစ်နှစ် ၁၈၄၁-ခုနှစ်တွင် သာယာဝတီမင်း (ခေါ်) ရွှေဘိုမင်းသည် အလေးချိန်ပိဿာ ၂၆၀၀ဝ ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး တင်လှူတော်မူသည်။
ကိုးကား
မော်ကွန်းတင်ပြီးမိတ္တူ။ 17 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 June 2012 တွင် ပြန်စစ်ပြီး။
ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)
သန်းဝင်းလှိုင် (၂ဝဝ၉ ခု၊ မေလ)။ ၂၀ရာစု မြန်မာ့သမိုင်း။ ကံကော်ဝတ်ရည် စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
မြတ်ဘုရားရွှေတိဂုံ။ ၃၆၁၊ ပြည်လမ်း၊ ရန်ကုန်မြို့: စာပေဗိမာန်။